Friday, 9 March 2012

မြတ်စွာဘုရားရှင်က စစ်တပ်ကိုတောင်မကြည့်ရဟု ပညတ်တော်မူခဲ့သော်လည်း...


From ;Myanmar Express


၃၁၁။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ ပသေနဒီကောသလမင်းကြီးသည်... စစ်တပ်ဖြင့် ချီတက်၏။ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုရန် သွားကုန်၏။ ပသေနဒီကောသလ မင်းကြီးသည် အဝေးမှ လာကုန်သော ဆဗ္ဗဂ္ဂီရဟန်းတို့ကို မြင်၍ ပင့်ခေါ်စေပြီးလျှင် ''အသျှင်ဘုရားတို့ အသျှင်တို့သည် အဘယ့်ကြောင့် လာကုန်သနည်း''ဟု လျှောက်၏။

မင်းကြီး ငါတို့သည် မင်းကြီးကို တွေ့မြင်လိုကုန်၏ဟု (ဆိုကုန်၏)။

အသျှင်ဘုရားတို့ စစ်ထိုးခြင်းကို နှစ်သက်သော အကျွန်ုပ်ကို တွေ့မြင်သဖြင့် အဘယ်အကျိုးရှိပါ အံ့နည်း။ မြတ်စွာဘုရားကို ဖူးမြော်သင့်သည် မဟုတ်ပါလောဟု (လျှောက်၏)။

လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်ကုန်သော ရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ လာကုန်ဘိသနည်း၊ အကြင် ငါတို့သည် အသက်မွေးမှုဟူသော အကြောင်းကြောင့် သားမယား (မွေးမှု)ဟူသော အကြောင်းကြောင့် စစ်ထိုးခြင်းငှါ လာရကုန်၏၊ ထိုငါတို့ အားလည်း လူအဖြစ်ကို အရတော်သည်မဟုတ်၊ ထိုငါတို့သည် ဤလူ့အဖြစ်ကို မကောင်းသဖြင့် ရအပ်၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာ တည်း၊ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်၏ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ အဘယ့်ကြောင့် သင်တို့သည် ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှါ သွားကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု) သည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ (ဥယျုတ္တသေနာသိက္ခာပုဒ်)

No comments:

Post a Comment